PVA/16 Aug 2009
မြန်မာပြည်သူများ အကျင့်စာရိတ္တမြင့်မားရေးနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိသော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ကျေးရွာအာဏာပိုင်များ နှင့် ပူးပေါင်း၍ လူထုစည်းရုံးရေး ဟောပြောပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး အသင်းတာဝန်ရှိသူများမှ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် လှုပ်ရှားဆောင်ရွက်နေမှုများအား မိတ်ဆက်တင်ပြခဲ့သည်။ ကျေးရွာ အာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်းနေထိုင်ကြသော ပြည်သူများအား စည်းကမ်းသေဝပ်စွာနေထိုင်ရေး၊ အကျင့်စာရိတ္တမြင့်မားလာစေရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးများကို အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြသည်။
အခမ်းအနားတက်ရောက်သူတဦးဖြစ်သော ဟုံဖိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံခမ်းကြိုင်လမှ “ ရပ်ရွာအတွင်းမှာ နေထိုင်ကြတဲ့ လူတွေအားလုံး အခုလို စုစုစည်းစည်းနဲ့ အခမ်းအနားတက်ရောက် လာတာတွေ့ရလို့ ဝမ်းသာပါတယ်။ ရွာထဲမှာနေကြတဲ့ မြန်မာပြည်သားအရေးကိစ္စများနဲ့ ပတ်သက်ပြီး ကျနော့်ဆီ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါတယ် ” PVA သို့ ပြောသည်။
Read More...
Collapse...
PVA/14 Aug 2009
မြန်မာပြည်သားအရေးကိစ္စများအား ကူညီဆောင်ရွက်ဖြေရှင်းပေးနေသော မဲဆောက်အခြေစိုက် ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းမှ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နယ်မြေခံ ပြည်သူုများနှင့် တွေ့ဆုံကာ နယ်မြေစည်းရုံးရေး စကားဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်ခရိုင်၊ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဟွေးပုံ၊ မယ့်ကျလောင်း၊ ပါလိုက် ကျေးရွာများတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများမှ နယ်မြေခံလူထုများနှင့် တွေ့ဆုံပြီး အသင်း၏ဆောင်ရွက်မှု များအား မိတ်ဆက်တင်ပြခြင်းနှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဆက်လက်တိုးချဲ့ ဖွဲ့စည်းနိုင်ရေးများကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စည်းရုံးရေး စကားဝိုင်းများသို့ နယ်မြေခံလူထု (၇၀) ကျော် တက်ရောက်ခဲ့ကြပြီး ဒေသခံများမှ ရပ်ရွာဖွံ့ဖြိုးရေးအတွက် အသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင် (၂) ကိုစစ်ကိုနိုင်မှ “ မြန်မာပြည်ထဲမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခခံပြီး ဝင်ရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ကျနော်တို့ မြန်မာပြည်သားတွေအတွက် စုစည်းညီညွတ်ရေးက အင်မတန် အရေးကြီးပါတယ်။ စည်းလုံးမှုရှိရင် ဘာမဆိုလုပ်လို့ရနိုင်ပါတယ်။ အသင်းအနေနဲ့ ပြည်သူ့အရေးကိစ္စများကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ဖြေရှင်းပေးနေတဲ့အပေါ်မှာ ပြည်သူများကိုယ်တိုင် အရင်ထက်ပိုပြီး အင်စိုက်အားစိုက် ပါဝင်လာနိုင်ဖို့အတွက် အခုလို နယ်မြေစည်းရုံးရေးစကားဝိုင်းများကို ပြုလုပ်ရတာဖြစ်ပါတယ် ” ဟု PVA သို့ပြောသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအား ၂၀၀၄ ခုနှစ်တွင် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသော ဆန္ဒရှိသူများအားစုစည်းကာ မြန်မာ့စေတနာ့ဝန်ထမ်းအုပ်စု အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်တွင် အသင်းဝင်နှင့် အဖွဲ့ဝင်အင်အား (၃၀၀) ကျော်၊ ဒေသဦးဆောင်ကော်မတီ (၅) ခုဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
Read More...
Collapse...
PVA/14 Aug 2009
မြန်မာပြည်သားအရေးကိစ္စများအား ကူညီဆောင်ရွက်ဖြေရှင်းပေးနေသော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများနှင့် ထိုင်းကျေးရွာအာဏာပိုင်များတွေ့ဆုံကာ ရပ်ရွာအတွင်း အုပ်ချုပ်ရေးနှင့် လူမှုရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း ဗဟိုဦးဆောင်ကော်မတီဝင်များ၊ ဒေသဦးဆောင်ကော်မတီဝင်များနှင့် ဟုံဖိုင်ကျေးရွာသူကြီး လုံခမ်းကြိုင်လ ဦးဆောင်သော ထိုင်းကျေးရွာအာဏာပိုင်များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် နယ်မြေအတွင်းနေထိုင်ကြသော မြန်မာပြည်သားအရေးကိစ္စများနှင့် ပတ်သတ်ပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးခဲ့ကြပြီး ထိုင်းကျေးရွာအာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်း မြန်မာပြည်သားများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းများနှင့်ပတ်သက်၍ လိုအပ်သော အစီအစဉ်များကို ညှိနှိုင်းခဲ့ကြပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပြည်ပရောက် မြန်မာပြည်သားများ လွတ်လပ်လုံခြုံစွာ ရပ်တည် နေထိုင် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် များနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျှက်သည့်အပြင် အလားတူ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် မဲဆောက်၊ ဖုတ်ဖ၊ မယ်ရမတ်မြို့နယ်များရှိ ကျေးရွာများတွင်လည်း ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
Read More...
Collapse...
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း အမှတ်(၅)ဒေသဦးဆောင်ကော်မတီဝင်များနှင့်အသင်းဝင်အချို့အား အစည်းအဝေးအပြီး တွေ့ရစဉ်
PVA/ 21 July 21, 2009
ပြည်သူ့အရေးကိစ္စများအား ပြည်သူများကိုယ်တိုင် ဦးဆောင်ပါဝင်နိုင်ရန် အစဉ်တစိုက် ဦးတည်ကြိုးပမ်း နေသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း၏ဒေသကော်မတီ တိုးချဲ့ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတရပ်ကို မယ်ရမတ် မြို့နယ်၊ မယ့်ကျလောင်းကျေးရွာတွင် ဇူလိုင်လ (၂၁)ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကျေးရွာအာဏာပိုင်များ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင် ကော်မတီဝင်များ၊ အမှတ်(၄)ဒေသ ဦးဆောင်ကော်မတီဝင်များ၊အသင်းသူအသင်းသားများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီးတွင် ဒေသဦးဆောင်ကော်မတီဝင်(၆) ဦး ပါဝင်သော အမှတ်(၅) ဒေသကော်မတီ(ယာယီ)အား အောင်မြင်စွာတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ၄င်းအခြေစိုက်ရာ မဲဆောက်မြို့နယ်အပါအဝင် မယ်ရမတ်မြို့နယ်၊ ဖုတ်ဖမြို့နယ်များတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အသင်းဝင်သစ်များနှင့် ဒေသကော်မတီများအား တိုးချဲ့ဖွဲ့စည်းခဲ့ရာတွင် ယခုဆိုလျှင် အမှတ်(၅)ဒေသအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပြီး အသင်း၏စည်းရုံးရေးနှင့် အခြားလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိကြောင်း သတင်း ရရှိပါသည်။
Read More...
Collapse...
ဒီကေဘီအေမှ မြဝတီမြို့နယ်ရှိ ရွာသားများကို အဓမ္မပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ
PVA/ July 13, 2009စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော ကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေမှ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ ဝှေ့ရှမ်း၊ မယ်ပလဲစသော အုပ်ချုပ်ရေးနှင့်အလှမ်းကွာဝေးသည့် ကျေးရွာများမှ ရွာသားများအား ၄င်းတို့၏ စစ်ဆင်ရေးတွင် အသုံးပြုရန်အတွက် အတင်းအဓမ္မလုပ်အားပေးခေါ်ဆိုပြီး ကာယကံရှင်ဆန္ဒမပါဝင်ဘဲ စစ်ထဲသွင်းကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သိရှိရပါသည်။
၎င်းအဖြစ်အပျက်အားကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြဝတီမြို့ခံတဦးမှ “ပေါ်တာဆွဲတာတောင် မဟုတ်ပါဘူး။ အမှန် တကယ်ကတော့ ပေါ်တာဆွဲတာက အကြောင်းပြချက်တခုပါ။ တကယ့်ဖြစ်ရပ်မှန်က ၁၀ ရက်လောက် စစ်သင်တန်းပေး လက်နက်ကိုင်ခိုင်းပြီးတော့ ကေအန်ယူကို တိုက်တဲ့နေရာမှာ သူတို့ရဲ့ရှေ့ကနေ တက်ခိုင်းနေတာပါ” ဟု PVA သို့ ပြောကြားခဲ့သည်။
လွန်ခဲ့သော မေလကုန်ခါနီးမှစ၍ နအဖနှင့် ဒီကေဘီအေတို့ပူးပေါင်းကာ ကေအန်ယူ တပ်မဟာ (၇) အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကေဘီအေ တပ်မဟာ (၅၅၅) နှင့် (၃၃၃) တို့သည် ညောင်လေးပင်ခရိုင်အတွင်းရှိ ကေအန်ယူတပ်စခန်းများအား တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Read More...
Collapse...
နအဖတပ်အရာရှိတဦး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခိုလှုံ
PVA/19 June 2009
တပ်မ(၇၇)လက်အောက်ခံ၊ ခမရ(၂၀၆) မှ ဗိုလ်ကြီး အဆင့်ရှိ သူရနိုင်သည် (၁-၆-၀၉) နေ့တွင် အထက် အရာရှိများ၏ ဖိနှိပ်မှုကို မခံမရပ်နိုင်တော့သဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးရောက်ရှိလာပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ ခိုလှုံအကူအညီတောင်းခံခဲ့ပါသည်။
ဗိုလ်ကြီးသူရနိုင်သည် မြဝတီမြို့ အနီးရှိ မယ်ထော်လေး (ရှေ့တန်း)တပ်စခန်းတွင် ကွပ်ကဲတာဝန် ထမ်းဆောင် နေရာမှ ထွက်ပြေးလာခြင်း ဖြစ်သည်။ နအဖတပ်အတွင်း၌ အထက်အရာရှိ အဆင့်ဆင့်၏ ဖိနှိပ်မှု၊ နိုင်ထက်စီးနင်းလုပ်မှု၊ မတော်မတရားလုပ်မှုများကို ဆက်လက် သည်းမခံနိုင် တော့သဖြင့် တပ်စခန်းမှ စွန့်ခွါ ထွက်ပြေးလာကြောင်း သိရသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဗိုလ်ကြီးသူရနိုင်အား ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့သို့ ဆက်သွယ်ပေးပို့ခဲ့ပါသည်။
Read More...
Collapse...
ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာလှုပ်ရှားခဲ့သော
ရဟန်းတော်တပါး လွတ်မြောက်နယ်မြေသို့ ရောက်ရှိ
PVA/19 June 2009
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုအတွင်း သာသနာ့ အလံကိုင်ဆောင်ကာ ရှေ့ဆုံးမှ တတ်ကြွစွာပါဝင်လှုပ်ရှားခဲ့သော ဦးနန္ဒာစရိယသည် မြန်မာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်လာရပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၁၉-၆-၀၉ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
လွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီးနောက် ဒေသခံပြည်သူများ၏ ကူညီအကြောင်းကြားပေးမှုဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ ဦးနန္ဒာစရိယအား အေးချမ်းစွာ သီတင်းသုံးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
Collapse...

မြန်မာအလုပ်သမား (၈၈) ဦး မတရားအလုပ်ထုတ်ခံရ
PVA/ ၁၆ ဇွန် ၂၀၀၉
၁၃-၀၆-၂၀၀၉ နေ့တွင် မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာရှိ ဟုန်တအထည်ချုပ်စက်ရုံမှ အလုပ်သမား များက တလလျှင် အလုပ်တရက်ပိတ်ပေးရန် တောင်းဆို သည်ကို အလုပ်ခွင် အုပ်ချုပ်သူများက လက်မခံပယ်ချပြီး အပြင်သွားလိုက ခွင့်တိုင်ရမည်ဟု စည်းကမ်းချမှတ် ခဲ့သည်။
၎င်းစည်းကမ်းအတိုင်း အလုပ်သမားများ ခွင့်ယူ၍ အပြင်ထွက်ခွင့် နေ့တဝက်ရသော အလုပ်သမား (၃၃)ဦး သည် စက်ရုံသို့ပြန်သောအခါ စက်ရုံအတွင်းသို့ ဝင်ခွင့်မပေးသဖြင့် မယ်ပရွာသူကြီးအိမ်တွင် သွားရောက် အကူညီ တောင်းခံကာ တည်းခိုကြရသည်။ ရွာသူကြီးမှ စက်ရုံသို့အကြောင်းကြားသဖြင့် ၎င်းအလုပ်သမား များအား ပြန်လည်ခေါ်ယူပြီး မန်နေဂျာက ဦးဆောင်သူကို ဖေါ်ထုတ်ခိုင်းသည်။ အလုပ်သမားများမှ စက်ရုံမန်နေဂျာအား ဦးဆောင်သူမရှိပါဟု ဖြေကြားကြသော်လည်း အမျိုးသမီးအလုပ်သမား(၃)ဦးအား အပြစ်မရှိဘဲ အလုပ်မှ ထုတ်လိုက်ပြီး စက်ရုံတွင်းမှ ချက်ချင်းထွက်ခွာ ခိုင်းခဲ့သည်။
၁၅-၀၆-၂၀၀၉ နေ့နံနက်တွင် မတရားအလုပ်ဖြုတ်ခံရသူ (၃) ဦးအား အလုပ်ပြန်ခန့်ရန် တောင်းဆိုသော အလုပ်သမား (၈၅) ဦးအား မန်နေဂျာက အလုပ်ထုတ်မည်ဟုဆိုကာ အဝတ်အစားထုပ်များ ယူခိုင်းပြီး စက်ရုံအတွင်း မြေကွက်လပ်တွင် စုထိုင်ခိုင်းလိုက်သည်။ တစ်နေ့လုံး ရေမတိုက်၊ ထမင်းမကြွေးဘဲထားကာ ညှင်းပန်းမှုပြုသည်ကို ခံကြရသည်။ ရဲခေါ်ယူခြိမ်းချောက်ခြင်းလည်း ခံကြရသည်။
အဆိုပါအခင်းဖြစ်စဉ်အား ဟုန်တစက်ရုံအလုပ်သမားများမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသို့ အကူအညီ တောင်းခံလာသဖြင့် PVA မှ အလုပ်ရှင်အလုပ်သမားညှိနှိုင်းရေးရုံး(စဝါဒီကန်)သို့ အကြောင်းကြားခဲ့ပြီး ၎င်းရုံးတာဝန်ရှိသူများမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုနေ့ညနေ ၄နာရီမှ ည ၈နာရီအထိ အလုပ်ရှင်နှင့်အလုပ်သမားများအား တွေ့ဆုံညှိနှိုင်းပေးခဲ့ပြီး နောက်တနေ့နံနက် ၉နာရီတွင် အပြီးသတ်ညှိနှိုင်း ပေးရန် ဆွေးနွေးနိုင်ခဲ့သည်။
၁၆-၀၆-၂၀၀၉ နေ့တွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ အလုပ်သမားများ စိတ်ဓာတ်မကျရေး၊ စဝါဒီကန်မှ ကောင်းမွန်မှန်ကန်စွာဖြေရှင်းပေးရေး၊ အလုပ်မှနူတ်ထွက်ရာရောက်သည့် လက်မှတ်ထိုးရခြင်းများ မဖြစ်စေရေး တို့အတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အလုပ်သမားများသည် ၎င်းနေ့မွန်းလွဲပိုင်းတွင် ကျန်ရှိနေသော အလုပ်အားခများအား ထုတ်ယူနိုင်ခဲ့ကြပြီး မိမိတို့ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်သော အခြေအနေဖြင့် စက်ရုံအပြင်သို့ ထွက်ခွာလာနိုင်ခဲ့ကြပါသည်။
အခင်းဖြစ်စဉ်တွင် ဦးစွာအလုပ်ထုတ်ခံရသော အလုပ်သမား (၃) ဦးသည် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC)၊ (LLC) တို့ဖြင့် ပူးပေါင်းကာ မတရားအလုပ်ထုတ်ခံရမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ ကျန်ရှိသော အလုပ်သမား (၈၅) ဦးသည် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့နှင့် ပူးပေါင်းကာ ၄င်းတို့၏ရပိုင်ခွင့်များ အပြည့်အဝရှိစေရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
Read More...
Collapse...