Saturday, August 15, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ စည်းရုံးရေး စကားဝိုင်းများ ပြုလုပ်

PVA/14 Aug 2009

မြန်မာပြည်သားအရေးကိစ္စများအား ကူညီဆောင်ရွက်ဖြေရှင်းပေးနေသော မဲဆောက်အခြေစိုက် ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းမှ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နယ်မြေခံ ပြည်သူုများနှင့် တွေ့ဆုံကာ နယ်မြေစည်းရုံးရေး စကားဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တပ်ခရိုင်၊ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဟွေးပုံ၊ မယ့်ကျလောင်း၊ ပါလိုက် ကျေးရွာများတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများမှ နယ်မြေခံလူထုများနှင့် တွေ့ဆုံပြီး အသင်း၏ဆောင်ရွက်မှု များအား မိတ်ဆက်တင်ပြခြင်းနှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဆက်လက်တိုးချဲ့ ဖွဲ့စည်းနိုင်ရေးများကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စည်းရုံးရေး စကားဝိုင်းများသို့ နယ်မြေခံလူထု (၇၀) ကျော် တက်ရောက်ခဲ့ကြပြီး ဒေသခံများမှ ရပ်ရွာဖွံ့ဖြိုးရေးအတွက် အသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင် (၂) ကိုစစ်ကိုနိုင်မှ “ မြန်မာပြည်ထဲမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခခံပြီး ဝင်ရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ကျနော်တို့ မြန်မာပြည်သားတွေအတွက် စုစည်းညီညွတ်ရေးက အင်မတန် အရေးကြီးပါတယ်။ စည်းလုံးမှုရှိရင် ဘာမဆိုလုပ်လို့ရနိုင်ပါတယ်။ အသင်းအနေနဲ့ ပြည်သူ့အရေးကိစ္စများကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ဖြေရှင်းပေးနေတဲ့အပေါ်မှာ ပြည်သူများကိုယ်တိုင် အရင်ထက်ပိုပြီး အင်စိုက်အားစိုက် ပါဝင်လာနိုင်ဖို့အတွက် အခုလို နယ်မြေစည်းရုံးရေးစကားဝိုင်းများကို ပြုလုပ်ရတာဖြစ်ပါတယ် ” ဟု PVA သို့ပြောသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအား ၂၀၀၄ ခုနှစ်တွင် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသော ဆန္ဒရှိသူများအားစုစည်းကာ မြန်မာ့စေတနာ့ဝန်ထမ်းအုပ်စု အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်တွင် အသင်းဝင်နှင့် အဖွဲ့ဝင်အင်အား (၃၀၀) ကျော်၊ ဒေသဦးဆောင်ကော်မတီ (၅) ခုဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

0 comments: