Tuesday, August 11, 2009

ထုတ်ပြန်ကြေငြာချက်များ

ရှစ်လေးလုံးအရေးတော်ပုံ (၂၁) နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

“ ဒီမိုကရေစီ ရရှိရေး ………. ဒို့အရေး ………. ဒို့အရေး”
“ အရေးတော်ပုံ ………. အောင်ရမည် ………. အောင်ရမည်”
ဟူသော ၁၉၈၈ ခုနှစ် လူထုအုံကြွတောင်းဆိုမှုနှင့်အညီ ရှစ်လေးလုံး လူထုတိုက်ပွဲဝင်မှုသည် ဒီမိုကရေစီမရ မချင်း ၊ အောင်ပွဲမရမချင်း တိုက်ပွဲဆက်လက်ရှင်သန်နေအုံးမည် ဖြစ်သည်။ ရှစ်လေးလုံးလူထုအရေးတော်ပုံ ကြီးသည် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်သူရဲကောင်းတို့၏ အသက်သွေးတို့ဖြင့် အရင်းအနှီး ပေးခဲ့ရပြီး လူထုတရပ်လုံးပါဝင်သော ကြီးမားပြင်းထန်လှသည့် ကမ္ဘာကျော်သမိုင်းဝင် လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့သော်လည်း အဘယ်ကြောင့် အောင်ပွဲမရရှိခဲ့သည်ကိုလည်းကောင်း၊ ယနေ့ထက်တိုင် အဘယ်ကြောင့် အောင်ပွဲ မရသေးသည်ကိုလည်းကောင်း ပြန်လည်သုံးသပ်သင့်ပေသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံ ပေါ်ပေါက်နေစဉ်ကာလအတွင်း တနိုင်ငံလုံးကို ဦးဆောင်ကွပ်ကဲနိုင်သော လူထုသပိတ်ဋ္ဌာနချုပ် မတည်ဆောက်နိုင်ခဲ့ခြင်း၊ စစ်တပ်အား ပြည်သူ့ဘက်ရပ်တည်ရေးအတွက် စည်းရုံး ဆွဲဆောင်နိုင်မှုမရှိခဲ့ခြင်း၊ အာဏာရအုပ်စုအား ချဉ်းကပ်၊ စည်းရုံး၊ ဖြောင်းဖျနိုင်မှု မရှိခဲ့ခြင်းတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အဆုံးသတ်အောင်ပွဲ မရယူနိုင်ခဲ့သည့် အဓိကအကြောင်းရင်းများ ဖြစ်ပေသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ပစ်ခတ်၊ သတ်ဖြတ်၊ နှိမ်နှင်း၊ ဖြိုခွဲခံရပြီးနောက်တွင် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မှု အသွင်သဏ္ဍာန်အမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ် ဖြစ်တည်လာခဲ့ကြသော်လည်း စုစည်းညီညွတ်မှု အလွန် အားပျော့နေခြင်း၊ လူထုတရပ်လုံးလိုက်ပါနိုင်သည့် သေနင်္ဂဗျူဟာချမှတ်ဖော်ဆောင်မှု မရှိခြင်းတို့သည် အောင်ပွဲနှင့်ဝေးစေသော အဓိကအားနည်းချက်များ ဖြစ်ပေသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ အောင်ပွဲမရယူနိုင်ခဲ့သောကြောင့် တစထက်တစ အခြေအနေဆိုးနေသော နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်သိသောအားဖြင့်လည်းကောင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတို့ အပေါ် သစ္စာတည်ကြည်သော အားဖြင့်လည်းကောင်း ရှစ်လေးလုံးတိုက်ပွဲဝင်စိတ်ဓာတ်ကို အခိုင်အမာ ကိုင်စွဲလျှက် အင်အားစုအသီးသီးပါဝင်သော အောင်ပွဲသို့ဦးတည်သည့် သေနင်္ဂဗျူဟာတရပ်ကို ချမှတ် ဖော်ဆောင်ကာ တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း
သြဂုတ်လ ၈ ရက်၊ ၂၀၀၉ ခုနှစ်။

0 comments: