Showing posts with label PVA ဖွဲ့စည်းပုံအခြေခံဥပဒေ. Show all posts
Showing posts with label PVA ဖွဲ့စည်းပုံအခြေခံဥပဒေ. Show all posts

Sunday, June 21, 2009

PVA ဖွဲ့စည်းပုံအခြေခံဥပဒေ

အမည်

ပုဒ်မ(၁) (က) အဖွဲ့အစည်း၏အမည်ကို မြန်မာဘာသာအားဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဟု ခေါ်တွင် စေရမည်။
(ခ) အဖွဲ့အစည်း၏အမည်ကို အင်္ဂလိပ်ဘာသာအားဖြင့် (People Volunteers’ Association) ဟု သတ်မှတ်သည်။

အလံတော်

ပုဒ်မ (၂)ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ အလံတော်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ခြောက်ထောင့်ကြယ်ကို နောက်ခံထားလျှက် သ၀ဏ်လွာလိပ်ရှိပါသောမြှားတံကို ခြေနှစ်ဘက်ဖြင့်ကုတ်ချီ ထားပြီး တောင်ပံဖြန့်၍ပျံသန်းနေသော သိမ်းငှက်ပုံပါရှိသည့် အလံတော်ဖြစ်သည်။
(ခ) အလံ၏ အလျားနှင့်အနံသည် (၃း၂) ဖြစ်သည်၊ ဗဟိုရုံးအလံသည် အလျား (၉) ပေ၊ အနံ (၆) ပေ၊ ဒေသအလံသည် အလျား (၆) ပေ၊ အနံ (၄) ပေ ဖြစ်သည်။ ကျေးရွာ၊ ရပ်ကွက်အလံသည် အလျား (၃) ပေ အနံ (၂) ပေ ဖြစ်သည်။
(ဂ) အလံတော်၏ အနောက်ခံအရောင်မှာ အစိမ်းရောင်ဖြစ်သည်။
(ဃ) ခြောက်ထောင့်ကြယ်သည် သုံးနားညီတြိဂံနှစ်ခုကို အချိုးကျစွာထပ်ထားသောကြယ်ဖြစ်ပြီး အရောင်မှာ ရွှေရောင် ဖြစ်သည်။
(င) သိမ်းငှက်အရောင်မှာ အနီရောင်ဖြစ်သည်။
(စ) သဝဏ်လွှာသည် မြှားတံတွင် ရစ်ပတ်ထားပြီး အရောင်မှာ အဖြူရောင်ဖြစ်သည်။
(ဆ) မြှားတံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး သိမ်းငှက်အရွယ်အစားနှင့် အချိုးညီရမည်။
(ဇ) ဗဟိုရုံးအလံ၏ ခြောက်ထောင့်ကြယ်သည် အနား (၃.၅) ပေရှိသော သုံးနားညီတြိဂံနှစ်ခုကို အချိုးကျစွာ ထပ်ထားသောကြယ်ဖြစ်ပြီး အလယ်ဗဟိုတွင်ရှိရမည်။ ဒေသ၊ ရပ်ကွက်နှင့် ကျေးရွာအလံများသည် ဗဟိုရုံး အလံတော်နှင့် အချိုးညီရမည်။

အလံတော်၏အဓိပ္ပါယ်ဖွင့်ဆိုချက်

ပုဒ်မ (၃) (က) အစိမ်းရောင်သည် စိမ်းစိုပြေသာယာလှပသောရေမြေ၊ တောတောင်၊ သဘာဝအရင်းအမြစ်တို့ကို ကိုယ်စားပြုသည်။
(ခ) သုံးနားညီတြိဂံနှစ်ခုကို အချိုးကျစွာထပ်၍ပေါင်းလိုက်ရာတွင် ခြောက်ထောင့်ကြယ်ဖြစ်နေခြင်းသည်
အဖွဲ့အစည်းများ ညီညွတ်စွာပေါင်းစည်းကြပါလျှင် အောင်မြင်မှုဖြစ်မည်၊ အောင်ပွဲရမည် ဟု အဓိပ္ပါယ်ရသည်။
(ဂ) ကြယ်သည်အောင်မှုကို ဖော်ညွှန်းသော အမှတ်အသားဖြစ်သည်။
(ဃ) ရွှေဝါရောင်သည် ဂုဏ်ရောင်ထွန်းပြောင်ခြင်း၊ ဂုဏ်ကျက်သရေရှိခြင်းတို့ကို ဖော်ညွှန်းသည်။
(င) အဖြူရောင်သည် ဖြူစင်သန့်ရှင်းသည်၊ ဘက်လိုက်မှုကင်းသည်၊ ဝါဒစွဲကင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
(စ) သဝဏ်လွှာလိပ်သည် ပြည်သူတို့အတွက် အသိအမြင်ဗဟုသုတတိုးတက်မြင့်မားစေရန်ဆောင်ကျဉ်းမည်ဟု အဓိပ္ပါယ်ရသည်။
(ဆ) မြှားတံသည် ပြည်သူတို့၏ အခက်အခဲအကျပ်အတည်းများ၊ မတရားပြုမူခံရမှုများကို အတတ်နိုင်ဆုံး ဖြိုခွင်း ဖယ်ရှားပေးမည်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။
(ဇ) အပြာရောင်သည် လူသားအချင်းချင်း ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုကို ကြိုးပမ်းရယူမည်ဟု ဖော်ညွှန်းခြင်း ဖြစ်သည်။
(ဈ) အနီရောင်သည် ရဲရင့်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းကို ဖော်ညွှန်းသည်။
(ည) သိမ်းငှက်သည် ရဲရင့်ခြင်း၊ လျှင်မြန်ဖြတ်လတ်ခြင်း၊ ဥာဏ်ရည်ထက်မြက်ခြင်း၊ အကြောင်းအကျိုး အခြေအနေကို နှံ့စပ်စွာသိမြင်ပြီး ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းဟူသော အရည်အချင်းများရှိခြင်းကို ဖော်ညွှန်းခြင်းဖြစ်သည်။
(ဋ္ဋ) တောင်ပံဖြန့်ပျံသန်းခြင်းသည် လွတ်လပ်ခြင်းကို လိုလားမြတ်နိုးကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

စည်းတံဆိပ်

ပုဒ်မ (၄) စည်းတံဆိပ်သည် စက်ဝိုင်းပုံစံဖြစ်သည်။ အချင်း ၁ လက်မဖြစ်သည်။ အလံတော်တွင်ပါရှိသော ခြောက်ထောင့်ကြယ်ကို နောက်ခံထားလျှက် သဝဏ်လွှာလိပ်ပတ်ထားသော မြှားတံကို ခြေနှစ်ဘက်ဖြင့် ကုတ်ချီထားကာ တောင်ပံဖြန့်ပျံသန်းနေသည့် သိမ်းငှက်အလယ်ဗဟိုကျစွာပါရှိသည်။
“ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း” ဟူသော မြန်မာစာတမ်းကို စက်ဝိုင်းအထက်တွင်ပါရှိပြီး “ People Volunteers’ Association” ဟူသော အင်္ဂလိပ်စာတမ်းကို စက်ဝိုင်းအောက်တွင် ထားရှိသည်။ မြန်မာစာတမ်းနေရာတွင် အဓိပ္ပါယ်တူသော သက်ဆိုင်ရာဒေသသုံးစာတမ်းပါရှိသည့် စည်းတံဆိပ်ကိုလည်း ထားရှိအသုံးပြုသည်။

အတိုကောက်ခေါ်ဝေါ်သုံးစွဲမှု

ပုဒ်မ (၅) (က) မြန်မာဘာသာအားဖြင့် (ပစသ) ဟုခေါ်ဆိုနိုင်သည်။
(ခ) အင်္ဂလိပ်ဘာသာအားဖြင့် (PVA) ဟုခေါ်ဝေါ်နိုင်သည်။

ဖွဲ့စည်းမှုနှင့် ဦးဆောင်မှုအဆင့်ဆင့်

ပုဒ်မ (၆) PVA (ပစသ) အား အဖွဲ့ဝင်များ အသင်းဝင်များဖြင့် ဖွဲ့စည်းသည်။

အဖွဲ့ဝင်ဖြစ်ခြင်း

ပုဒ်မ (၇) (က) PVA ၏ မူဝါဒလမ်းစဉ်ကို လက်ခံယုံကြည်သည့်အပြင် PVA ၏ တာဝန်တရပ်ရပ်ကို ထမ်းဆောင်နိုင်သူဖြစ်ပါက PVA တာဝန်ရှိသူတဦးမှတဆင့် ဗဟိုသို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားပိုင်ခွင့်ရှိသည်။
(ခ) အထက်ပါပုဒ်မ (၇/က) အရ အဖွဲ့ဝင်အဖြစ်လျှောက်ထားလာသူအား ဗဟိုဦးဆောင်ကော်မတီ၏ အတည်ပြုချက်ဖြင့် အဖွဲ့ဝင်ဖြစ်သတ်မှတ်သည်။

အသင်းဝင်ဖြစ်ခြင်း

ပုဒ်မ (၈) (က) PVA ၏ မူဝါဒအား လက်ခံယုံကြည်သည့်အပြင် PVA အား တတ်နိုင်သောစွမ်းအားဖြင့် ပါဝင်ကူညီနိုင်သူဖြစ်ပါက တာဝန်ရှိသူတဦးမှတဆင့် PVA ဗဟိုသို့ အသင်းဝင်အဖြစ် လျှောက်ထားပိုင်ခွင့်
ရှိသည်။
(ခ) အထက်ပါပုဒ်မ (၈/က) အရ အသင်းဝင်အဖြစ် လျှောက်ထားလာသူအား ဗဟိုဦးဆောင်ကော်မတီ၏ အတည်ပြုချက်ဖြင့် အသင်းဝင်အဖြစ် သတ်မှတ်သည်။

ညီလာခံ

ပုဒ်မ (၉) ညီလာခံသည် PVA ၏ အမြင့်ဆုံးဦးဆောင်မှု ဖြစ်သည်။ PVA တည်ဆောက်ပြီး ကာလသို့ ရောက်ရှိလျှင် ညီလာခံခေါ်ယူ ကျင်းပရမည်။ တည်ဆောက်ပြီးကာလရောက်ရှိလျှင် ညီလာခံခေါ်ယူကျင်းပရေး လုပ်ထုံးလုပ်နည်းဥပဒေရေးဆွဲပြီး ထိုလုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီခေါ်ယူကျင်းပရမည်။

ဗဟိုကော်မတီ

ပုဒ်မ (၁၀) PVA ညီလာခံမခေါ်ယူနိုင်သေးသော တည်ဆောက်ဆဲကာလတွင် ဗဟိုကော်မတီအစည်းအဝေး သည် PVA အမြင့်ဆုံးဦးဆောင်မှုဖြစ်သည်။

ပုဒ်မ (၁၁) ဗဟိုဦးဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များပါဝင်တက်ရောက်သော အစည်းအဝေးကို ဗဟိုကော်မတီအစည်းအဝေးဟု သတ်မှတ်သည်။

ပုဒ်မ (၁၂) (က) PVA ၏တည်ဆောက်ဆဲကာလအတွင်း ဗဟိုဦးဆောင်ကော်မတီမှတာဝန်ပေးသော ဌာနတာဝန်ခံအား ဗဟိုကော်မတီအစည်းအဝေးအတည်ပြုချက်ဖြင့် ဗဟိုကော်မတီဝင်ဟု သတ်မှတ်သည်။
(ခ) PVA ၏ တည်ဆောက်ဆဲကာလအတွင်း ဗဟိုဦးဆောင်ကော်မတီမှတာဝန်ပေးသော ဒေသဦးဆောင် ကော်မတီဝင် (၁)၊ (၂) တို့အား ဗဟိုကော်မတီအစည်းအဝေးအတည်ပြုချက်ဖြင့် ဗဟိုကော်မတီဝင်ဟု သတ်မှတ် သည်။
(ဂ) PVA ၏ တည်ဆောက်ဆဲကာလအတွင်း ဗဟိုဦးဆောင်ကော်မတီဝင်မှတာဝန်ပေးသော ဌာန ဒုတိယ တာဝန်ခံနှင့် ဒေသဦးဆောင်ကော်မတီဝင် (၃) ဦးတို့အား အရံဗဟိုကော်မတီဝင်ဟု သတ်မှတ်သည်။

ပုဒ်မ (၁၃) (က) ဗဟိုဦးဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်တို့သည် ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
(ခ) အရံဗဟိုကော်မတီဝင်သည် ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခွင့်ရှိသည်။ ပါဝင် ဆုံးဖြတ်ပိုင်ခွင့်၊ မဲပေးခွင့်မရှိ။
(ဂ) ဗဟိုဦးဆောင်ကော်မတီသည် PVA ၏အကျိုးကို ရှေ့ရှု၍ ဗဟိုကော်မတီအစည်းအဝေးသို့ လေ့လာသူနှင့် ဧည့်သည်တော်များတက်ရောက်နိုင်စေရန် စီစဉ်ရန် စီစဉ်ပိုင်ခွင့်ရှိသည်၊

ပုဒ်မ (၁၄) (က) ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခွင့်ရှိသူထက်ဝက်ကျော် တက်ရောက် လျှင် ဗဟိုကော်မတီအစည်းအဝေး အထမြောက်သည်။

ပုဒ်မ (၁၅) (က) ဗဟိုကော်မတီအစည်းအဝေးကို (၄)လ တစ်ကြိမ် ခေါ်ယူကျင်းပရမည်။

ပုဒ်မ (၁၆) (က) ဗဟိုကော်မတီအစည်းအဝေးတွင် PVA ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အပါအဝင် လိုအပ်သောစီရင်ခံတင်ပြမှုများကို ဗဟိုဦးဆောင်ကော်မတီမှ ဦးဆောင်တင်သွင်းရမည်။

(ခ) ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် ဌာနအသီးသီးနှင့် ဒေသကော်မတီအသီးသီးမှ လှုပ်ရှား ဆောင်ရွက်မှုနှင့် လိုအပ်သောအစီရင်ခံတင်ပြမှုများကို သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ တင်သွင်းအစီရင်ခံ ရမည်။

ဗဟိုဦးဆောင်ကော်မတီ

ပုဒ်မ (၁၇) (က) ဗဟိုဦးဆောင်ကော်မတီသည် ဗဟိုကော်မတီ၏ ကိုယ်စားအသင်းအား ဦးဆောင်မှု ပေးသောအဖွဲ့ဖြစ်သည်။

ပုဒ်မ (၁၈) (က) PVA ၏တည်ဆောက်ဆဲကာလအတွင်း PVA အား ဦးဆောင်နိုင်သော အရည်အချင်းရှိသူများဖြင့် PVA ၏ ဗဟိုဦးဆောင်ကော်မတီကိုဖွဲ့စည်းပြီး ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးတွင် အတည်ပြုချက် ရယူရမည်။

ပုဒ်မ (၁၉) (က) ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး (၃) လ တစ်ကြိမ် ပုံမှန်ကျင်းပရမည်။

ပုဒ်မ (၂၀) (က) ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရမည့် ဗဟိုဦးဆောင်ကော်မတီဝင် ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။

ပုဒ်မ (၂၁) (က) ဗဟိုဦးဆောင်ကော်မတီသည် စုပေါင်းဦးဆောင်မှုကို ဦးစားပေးကာ ဒီမိုကရေစီ ဗဟိုဦးစီး စနစ်ဖြင့် PVA ၏ တည်ဆောက်ဆဲကာလကို ဖြတ်သန်းဦးဆောင်သွားရမည်။

ပုဒ်မ (၂၂) (က) ဗဟိုဦးဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသဦးဆောင်ကော်မတီကိုဖွဲ့စည်းရမည်။

ပုဒ်မ (၂၃) (က) ဗဟိုဦးဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးကို ခေါ်ယူကျင်းပရမည်။

(ခ) ဗဟိုဦးဆောင်ကော်မတီသည် တကယ်လိုအပ်သောအခြေအနေအရ အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။


ဒေသဦးဆောင်မှုကော်မတီ

ပုဒ်မ (၂၄) (က) PVA အဖွဲ့ဝင်များဖြင့် ဒေသဦးဆောင်ကော်မတီကို ဖွဲ့စည်းရမည်။

ပုဒ်မ (၂၅) (က) ဒေသဦးဆောင်ကော်မတီအဖွဲ့အစည်းအား ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် အတည်ပြုရမည်။

ပုဒ်မ (၂၆) (က) ဒေသဦးဆောင်ကော်မတီသည် PVA ၏မူဝါဒလမ်းစဉ်နှင့်အညီ ဗဟိုဦးဆောင်ကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရပ်တည်လျှက် သက်ဆိုင်ရာဒေသအတွင်း ပြည်သူ့အရေးများအား၊ ကူညီ ဆောင်ရွက်ခြင်း၊ ပြည်သူအားစည်းရုံးခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည်။ှ

ပုဒ်မ(၂၇) (က) ဗဟိုဦးဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် အောက်ပါဌာနများ၊ လုပ်ငန်းအဖွဲ့များထားရှိပြီး ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်သွားရမည်။

(က) ပညာရေးဌာန
(ခ) ကျန်းမာရေးဌာန
(ဂ) အလုပ်သမားရေးရာဌာန
(ဃ) အမျိုးသမီးရေးရာဌာန
(င) ဥပဒေရေးရာဌာန
(စ) ပြည်သူ့ရေးရာဌာန
(ဆ) ဘဏ္ဍာရေးဌာန
(ဈ) စည်းရှံးရေးဌာန
(ည) ဗဟိုစီမံခန့်ခွဲရေးဌာန
(ဋ) ဗဟိုရုံးလုပ်ငန်းဌာန
(ဌ) ပြင်ပဆက်ဆံရေးဌာန
(ဍ) လုပ်ငန်းစစ်ဆေးရေးဌာန
(ဎ) အမှုကိစ္စလေ့လာစုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့
(ဏ) စာရင်းစစ်အဖွဲ့
(တ) မှတ်တမ်းနှင့်သုတေသနဌာန

ပုဒ်မ(၂၈) (က) ဗဟိုဦးဆောင်ကော်မတီသည် တကယ်လိုအပ်ချက်ရှိပါက ဌာနများတိုးချဲ့ထားရှိနိုင်သည်။
(ခ) ဌာနသစ်တိုးချဲ့ထားရှိရန်လိုအပ်ပါက ဗဟိုဦးဆောင်ကော်မတီမှ ဗဟိုကော်မတီအစည်းအဝေးတွင် တင်ပြ အတည်ပြုရမည်။

ပုဒ်မ(၂၉) ဗဟိုဦးဆောင်ကော်မတီသည် ဌာနတာဝန်ခံများကို ခန့်အပ်တာဝန်ပေးရမည်။

အထွေထွေ

ပုဒ်မ(၃၀) ဗဟိုဦးဆောင်ကော်မတီသည်ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လိုအပ်ချက်အရ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို အနီးဆုံးဗဟိုကော်မတီအစည်းအဝေးတွင် အတည်ပြုချက်ရယူရမည်။

ပုဒ်မ (၃၁) ဗဟိုဦးဆောင်ကော်မတီသည် PVA ၏ဆောင်ရွက်လှုပ်ရှားမှုများအတွက် လုပ်ထုံးလုပ်နည်း ဥပဒေများကိုရေးဆွဲနိုင်ပြီး အနီးဆုံးဗဟိုကော်မတီအစည်းအဝေးတွင် အတည်ပြုချက်ရ ယူရမည်။

ပုဒ်မ (၃၂) (က) PVA ညီလာခံသည် ချမှတ်ထားသော PVA ၏မူဝါဒလမ်းစဉ်များကို မူလရည်ရွယ်ချက်နှင့် အနှစ်သာရမပျောက်မပျက် မထိခိုက်စေဘဲ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ဖြင်း၊ ပယ်ဖျက်ဖြင်းကို ပြုလုပ်ရန်လိုအပ်ပါက PVA ၏ မူဝါဒလမ်းစဉ်ကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ပြဌာန်း ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ပုဒ်မ (၃၂) (ခ) PVA ညီလာခံမခေါ်ယူနိုင်သည့်ကာလတွင် ဗဟိုကော်မတီသည် ညီလာခံ၏ ကိုယ်စား PVA မူဝါဒလမ်းစဉ်ကို ပြင်ဆင်၊ဖြည့်စွက်၊ ပြဌာန်းဆောင်ရွက်ပိုင်ခွင့်ရှိသည်။


Read More...