Showing posts with label ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်. Show all posts
Showing posts with label ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်. Show all posts

Wednesday, June 24, 2009

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ မူဝါဒလမ်းစဉ်

နိဒါန်း

မြန်မာနိုင်ငံသားပြည်သူများအနေဖြင့် မိမိတို့နိုင်ငံမှထွက်ခွာ၍ တမြေရပ်ခြားတိုင်းတပါးတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြရသည်မှာ တနေ့တခြား တိုးတက်များပြားလျှက်ရှိပါသည်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ကြရသော မြန်မာပြည်သားများမှာ ပိုမို၍များပြားလျှက်ရှိပါသည်။ ယနေ့ကာလသည် သမိုင်းတလျှောက်တွင် မြန်မာပြည်သူပြည်သားများ ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှု အများဆုံးဖြစ်ပြီး အောက်ကျနောက်ကျအဖြစ်ဆုံးသော အခြေအနေသို့ ရောက်ရှိလျက်ရှိသည်။ ဤသို့သော အခြေအနေအောက်တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကောင်းမွန်စွာနေထိုင် အလုပ်လုပ်ကိုင်နိုင် စေရန်၊ ပြဿနာများ၊ အခက်အခဲများကြုံတွေ့လျှင်ဖြေရှင်းပေးနိုင်ရန်၊ စည်းကမ်းစာရိတ္တကောင်းမွန်စွာဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ် ထိန်းသိမ်းနိုင်စေရန်၊ ထိုင်းလူမှုအသိုင်းအဝိုင်းများနှင့်အဆင်ပြေမှုရှိစေရန်၊ မတော်တရား ပြုမူခံရမှုများအား တားဆီးနိုင်စေရန်အတွက် ရပ်တည်ဆောင်ရွက်ပေးမည့် အသင်းအဖွဲ့များ လိုအပ်လျက်ရှိပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူတို့လေးစားအားထားရသည့် အဖွဲ့အစည်းတရပ်အဖြစ် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (People Volunteers’ Association) (PVA) ဖွဲ့စည်းပေါ်ပေါက်လာရပေသည်။

ဖွဲ့စည်းပေါ်ပေါက်လာရပုံ

မြန်မာနိုင်ငံ၏အခြေအနေအရပ်ရပ်ကြောင့် ပြည်သူများဆင်းရဲကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးသဖြင့် တိုင်းတပါးသို့ထွက်ခွာအလုပ်လုပ်ကြရာတွင် အများအားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင် သည့် မြန်မာနိုင်ငံသားဦးရေမှာ လျှော့ကျသွားရန်အလားအလာမရှိဘဲ တနေ့တခြားတိုးတက်များပြားနေသည်ကို တွေ့ရှိရပါသည်။ မိမိတိုင်းပြည်၊ မိမိတို့နိုင်ငံမဟုတ်သော ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲပြဿနာများ၊ အရေးကိစ္စများ၊ မတော်မတရားအပြုခံရမှုများကို မကြာခဏ တွေ့ရှိနေကြရပါသည်။

ထို့အပြင် အချို့သော မြန်မာနိုင်ငံသားများ၏ အသိအမြင်အတွေးအခေါ်နိမ့်ပါးမှု၊ အကျင့်စာရိတ္တပျက်ဆီး ချို့ယွင်းမှု၊ မိမိကိုယ်ကိုတန်ဖိုးမထားမှုတို့ကြောင့် မြန်မာပြည်သားအချင်းချင်းအပေါ်တွင်သော်လည်းကောင်း၊ ထိုင်းပြည်သူများ အပေါ်တွင်သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ အနှောင့်အယှက်ဖြစ်စေခြင်း၊ အကျိုး စီးပွားပျက်ပြားစေခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ထိုသို့သော မြန်မာပြည်သားအချို့၏လုပ်ရပ်များကြောင့် ကောင်းစွာနေထိုင်လုပ်ကိုင်ကြသော မြန်မာပြည်သားများကိုပါ အထင်မြင်သေးခံရခြင်း၊ အမျိုးဂုဏ် ဇာတိဂုဏ် ကျဆင်းစေခြင်းများကို ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။ မြန်မာပြည်သားများအပေါ်တွင် ထိုင်းနိုင်ငံသား အချို့၏ လူမျိုးရေးအရ အထင်သေးနိမ့်ချ ဆက်ဆံခြင်းများရှိသလို၊ မြန်မာပြည်သားအချို့၏ လုပ်ရပ်ဆိုး များကြောင့်လည်း အထင်သေးခံရမှုများလည်း ဖြစ်ပေါ်လျှက်ရှိပါသည်။

၎င်းအခြေအနေတွင် မြန်မာပြည်သားများ၏ဘဝလုံခြုံမှုရှိစေရေး၊ စည်းကမ်းစာရိတ္တကောင်းမွန်စွာဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ ထိုင်းလူမှုအသိုင်းအဝိုင်းများနှင့် သင့်တင့်၊လျောက်ပတ်၊ အဆင် ပြေစွာ နေထိုင်နိုင်ရေးများအား ဆောင်ရွက်ပေးရန်အတွက် လိုအပ်လျက်ရှိပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဖွဲ့စည်းပေါ်ပေါက်လာရပေသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် လူမျိုး၊ ဘာသာ၊ ကျားမ မခွဲခြားဘဲ မည်သည့်ပြည်သူအတွက်မဆို ရိုင်းပင်းကူညီဆောင်ရွက်သွားမည့် အဖွဲ့အစည်းဖြစ်သည်။ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူတို့ ရင်ဆိုင် ကြုံတွေ့နေရသော ဘဝအခြေအနေမှန်ကို နားလည်စွာဖြင့် ပြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီ သွားမည်ဖြစ်သည်။ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူများဘဝတွင် ဖြေရှင်းရန်လိုအပ် နေသော အခက်အခဲများ၊ ဆိုးကျိုးများအားဖြစ်ပေါ်စေသည့် အဓိကအကြောင်းတရားများကို ဖယ်ရှားပစ်နိုင်ရန် အတွက် ပေါ်ပေါက်လာရသော အဖွဲ့အစည်းဖြစ်သည်။

ဖြတ်သန်းလာရပုံ အဆင့်ဆင့်

(၁) သန္ဓေတည်ကာလ

ပြည်သူ့ဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့အကျိုးကို ကောင်းမွန်သောစိတ်စေတနာဖြင့် သယ်ပိုးထမ်းဆောင် လိုသော ဆန္ဒရှိသူများဖြင့် မြန်မာ့စေတနာ့ဝန်ထမ်းအုပ်စု (Burma Volunteer Group) (BVG) ကို၂၀၀၄၊ ၂၀၀၅ ခုနှစ်များတွင် စတင်တည်ထောင်ကာ သန္ဓေတည်ကာလအဖြစ် ဖြတ်သန်းခဲ့ပါသည်။

(၂) တည်ဆောက်စကာလ

၂၀၀၆ ခုနှစ် ဇွန်လမှစတင်ကာ ပြည်သူ့အကျိုးကို စေတနာဖြင့် သယ်ပိုးတာဝန်ထမ်းရွက်လိုသော စိတ်ဓာတ်ရှိသည့် ဆန္ဒတူသူများအား ထပ်မံပေါင်းစုပြီး မြန်မာ့စေတနာ့ဝန်ထမ်းအသင်း (Burma Volunteers’ Association) (BVA) အဖြစ် ဖွဲ့စည်းတည်ထောင်ကာ ၂၀၀၈ ခုနှစ်ကုန်သည်အထိ တည်ဆောက်စကာလကို ဖြတ်သန်းခဲ့ပါသည်။

(၃) တည်ဆောက်ဆဲကာလ


၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြန်မာ့စေတနာ့ဝန်ထမ်းအသင်းသည် မြန်မာပြည်သားများ ကိုသာမက မည်သည့်ပြည်သူကိုမဆို လူမျိုး၊ဘာသာ၊ကျားမ မခွဲခြားဘဲ လူလူချင်း လေးစားစာနာ ထောက်ထားမှုနှင့် ရိုင်းပင်းကူညီလိုသော စိတ်ဓာတ်ကိုအခြေခံကာ ကူညီဆောင်ရွက်ပေးလာခဲ့ပြီးနောက် အကူအညီပေးရေးလုပ်ငန်း များအား ပိုမိုကျယ်ပြန်စွာဆောင်ရွက်သွားလိုသောကြောင့် မြန်မာ့စေတနာ့ဝန်ထမ်း အသင်းမှ ပြည်သူ့စေတနာ့ ဝန်ထမ်းအသင်း ( People Volunteers’ Association) ( PVA) ဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ပြည်သူ့စေနာ့ဝန်ထမ်းအသင်းသည် တည်ဆောက်ဆဲကာလကို ဖြတ်သန်း သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးကာလသို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက် ချီတက်သွားမည်ဖြစ်သည်။

တည်ဆောက်ပြီး ကာလဟူသည်

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ပြည်သူတို့အကျိုးကို သယ်ပိုးဆောင်ရွက်သွားလျှက် ပြည်သူတို့ ယုံကြည် လေးစား အားကိုးအားထားပြုသော အဖွဲ့အစည်းတရပ် ဖြစ်လာသည့်အပြင် ပြည်သူများဘဝတွင် မလိုလား အပ်သော အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ပြီး ပြည်သူ့ဆန္ဒပြည့်ဝရေး၊ ပြည်သူ့ဘဝ တိုးတက်ရေးတို့အတွက် ထိရောက်စွာဆောင်ရွက်အားထုတ်စွမ်းဆောင်နိုင်သော အခြေအနေသို့ ရောက်ရှိမှသာ တည်ဆောက်ပြီးကာလသို့ ရောက်ရှိသည်ဟု မှတ်ယူရမည်။

ဦးတည်ချက်


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည်

(၁) ပြည်သူအချင်းချင်းကြားတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး
(၂) ပြည်သူတို့၏ အတွေးအခေါ်၊ အသိအမြင၊် ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး
(၃) စည်းကမ်းစာရိတ္တကောင်းမွန်ပြီး စည်းလုံးညီညွတ်စွာဖြင့် ပြည်သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်သွားနိုင်ရေး
(၄) ပြည်သူတို့၏ တာဝန်သိစိတ်ဓာတ် နိုးကြားတက်ကြွစွာဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်လောက တည်ဆောက်နိုင်ရေး တို့အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်သွားရေးမူနှင့် စည်းရုံးရေးမူ

(၁) ပြည်သူများအနေဖြင့်အခက်အခဲပြဿနာများ၊ အရေးကိစ္စများ၊ မတရားမှုများ ကြုံတွေ့ကြရာတွင် မိမိတို့ကိုယ်တိုင် ဖြေရှင်းဆောင်ရွက်နိုင်စွမ်းမရှိသော အခြေအနေမျိုးတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအား အကူအညီတောင်းခံ လာခဲ့လျှင်ဖြစ်စေ၊ အသင်းအနေဖြင့် ပါဝင်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်လာသည်ဟု သုံးသပ်တွေ့ရှိရလျှင်ဖြစ်စေ၊ အမှန်တရားဘက်မှ မားမားမတ်မတ်ရပ်တည်ကာ ကူညီဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

(၂) ပြည်သူများ၏ အခက်အခဲပြဿနာများ၊ အရေးကိစ္စများ၊ မတရားမှုများကြုံတွေ့လာလျှင် အချိန်မရွေး အကူအညီတောင်းခံနိုင်သော အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။

(၃) လူမျိုး၊ ဘာသာ၊ ကျားမ၊ အသက်အရွယ်မရွေး မည်သည့်ပြည်သူကိုမဆို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

(၄) သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် မလိုလားအပ်သောပြဿနာများမဖြစ်ပွားစေရန်လည်းကောင်း၊ ဆက်ဆံရေးနှင့်စည်းရုံးရေးအား ထိခိုက်ပျက်ပြား မှုများ မဖြစ်ပေါ်စေရန်လည်းကောင်း အထူးဂရုပြုဆောင်ရွက်သွားမည် ဖြစ်သည်။

(၅) ပြည်သူ့အရေးဆောင်ရွက်ရာတွင်

(က) တရားမျှတမှုရှိရမည်။
(ခ) တရားဥပဒေနှင့် ညီညွတ်စွာဆောင်ရွက်ရမည်။
(ဂ) ကိုယ်ချင်းစာ ညှာတာထောက်ထားမှုရှိရမည်။

(၆) ပြည်သူလူထု၏ ယုံကြည်၊လေးစား၊အားထားရသော အဖွဲ့အစည်းဖြစ်စေရမည့်အပြင် သက်ဆိုင်ရာဒေသ အာဏာပိုင် များနှင့် လူတန်းစားအသီးသီးမှ လက်ခံပူးပေါင်းကူညီမှုရှိလာစေရန် ဆောင်ရွက်သွားမည်။

(၇) ပြည်သူ့လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးလျှက် အောက်ပါစည်းရုံးရေးလုပ်ငန်းစဉ် (၃) ရပ်ကို ဆောင်ရွက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
(က) ပြည်သူလူထုကို ရင်းနှီးချစ်ခင်စွာဆက်ဆံထိတွေ့ရမည်။ (ထိတွေ့)
(ခ) ပြည်သူလူထုကို မိမိတို့၏ဆောင်ရွက်ချက်များအပေါ် နားလည်လက်ခံလာအောင် စည်းရုံးရမည်။ (စည်းရုံး)
(ဂ) ပြည်သူလူထုကို မိမိတို့နှင့်အတူ လက်တွဲပါဝင်လာအောင် နည်းလမ်းမှန်ကန်စွာ ဆွဲဆောင်ရမည်။ (ပါဝင်လာအောင် ဆွဲဆောင်)

ပညာပေးရေးမူ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည်

(၁) စည်းကမ်းစာရိတ္တကောင်းမွန်မှုကို အလေးထားကျင့်ကြံနေထိုင်ရေး
(၂) မိမိတို့လက်ရှိကျရောက်နေသော ဘဝအခြေအနေအကြောင်းအကျိုးကို ကောင်းစွာနားလည်သိမြင်ရေး
(၃) တာဝန်သိသောစိတ်ဓာတ်ဖြင့် မိမိပြည်သူနှင့်ပတ်ဝန်းကျင်ကို ကူညီရိုင်းပင်းကြရေး
(၄) တရားဥပဒေကိုလေးစားပြီး ယဉ်ကျေးမှုဖြင့်မားသော နိုင်ငံသားပီသရေး
(၅) မေတ္တာ၊ ဂရုဏာနှင့် ကိုယ်ချင်းစာတရားများထွန်းကားလာရေး တို့ကို ပညာပေးဆောင်ရွက်သွားမည် ဖြစ်သည်။

ကူညီဆောင်ရွက်သွားမည့် ပြည်သူ့ရေးရာလုပ်ငန်းများ


ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည်

(၁) ပညာရေး
(၂) ကျန်းမာရေး
(၃) စည်းရုံးရေး
(၄) ပြန်ကြားရေး
(၅) အလုပ်သမားရေးရာ
(၆) အမျိုးသမီးရေးရာ
(၇) ဘဏ္ဍာရေးနှင့် ရန်ပုံငွေရှာဖွေရေး
(၈) ပြည်သူ့ရေးရာ
(၉) ဥပဒေရေးရာ
(၁၀) ပြင်ပဆက်ဆံရေးနှင့် အခြားသောပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အသင်းကြီးထွားတိုးတက်ရေးမူ

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ အဖွဲ့ဝင်နှင့် အသင်းဝင်များသည်

(၁) အဖွဲ့ဝင်များ၊ အသင်းဝင်များ ပိုမိုတိုးတက်ပါဝင်လာအောင် စနစ်တကျစည်းရုံးသွားမည်။
(၂) အသင်းမှလိုအပ်သဖြင့် တာဝန်ပေးအပ်ခဲ့လျှင် ဆောင်ရွက်ပေးသူကိုအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မိမိဆန္ဒ အလျှောက် တတ်နိုင်သောစွမ်းအားဖြင့် ပါဝင်ဆောင်ရွက်ပေးသူကို အသင်းဝင်အဖြစ်လည်းကောင်း အသိ အမှတ်ပြု လက်ခံစည်းရုံးသွားမည် ဖြစ်သည်။
(၃) မည်သည့်ပြည်သူမဆို တတ်နိုင်သောစွမ်းအားဖြင့် အသင်းအားကူညီထောက်ပံ့ပေးခြင်းကို လက်ခံပြီး အသင်း၏ ဆောင်ရွက်ချက်များ တိုးတက်အားကောင်းလာစေရမည်။
(၄) အသင်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသော၊ စွန့်လွှတ်စွန့်စားသောအဖွဲ့ဝင်များ တိုးတက်ပါဝင်လာမှုဖြင့် အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရမည်။
(၅) ပြည်သူများ၏ဘဝအခြေအနေကို နားလည်စာနာပြီး အသင်း၏ဆောင်ရွက်ချက်များကို လက်ခံသော အလှူရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ထောက်ပံ့ကူညီမှုဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည် ဖော်ဆောင်ရာတွင် တိုးတက်မြင့်မားအားကောင်းလာစေရမည်။

ပြည်သူ့အကျိုးပြု လူ့အဖွဲ့စည်းများ ဖွဲ့စည်းရေး

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ရှေ့ဆောင်မှုဖြင့် -

(၁) ပြည်သူများအလုပ်လုပ်ကိုင် နေထိုင်လျှက်ရှိသော အရပ်ဒေသတိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဒေသခံပြည်သူများကိုယ်တိုင် သယ်ပိုးဆောင်ရွက်သွားနိုင်ရေး။
(၂) ထိုသို့ ကိုယ့်အားကိုယ်ကိုး ပြည်သူ့အကျိုးသယ်ပိုးသော လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်အားကောင်း လာစေရေး။
(၃) အထက်ပါ လူမှုအသိုင်းအဝိုင်းများမှတဆင့် လူထုအကျိုးပြုအဖွဲ့အစည်းများ ခိုင်မာစွာပေါ်ပေါက်လာစေရေး
တို့ကို ဆောင်ရွက်သွားမည်။

နိဂုံး

ပြည်သူစေတနာ့ဝန်ထမ်းအသင်းသည် အထက်ဖော်ပြပါ မူဝါဒလမ်းစဉ်များနှင့်အညီ ပြည်သူတို့လေးစားယုံကြည် အားထားရသော အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်သွားမည်ဖြစ်သည်။ အချုပ်အားဖြင့် ပြည်သူ့စေတနာ့ ဝန်ထမ်းအသင်းသည် ပြည်သူ့ဘဝလုံခြုံစိတ်ချမှုရရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် ထိရောက်အားကောင်းစွာ ဆောင်ရွက်နိုင်သောအဖွဲ့အစည်းအဖြစ်သို့ရောက်ရှိအောင် ယုံကြည်ချက် ခိုင်မာစွာဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Read More...