Saturday, July 25, 2009

ကဗျာ

ချစ်သူသို့...

̒ ငါ့ကို ယုံကြည်သောသူသည်
သေလွန်သော်လည်း ရှင်လိမ့်မည် ̕

အချစ်ကို ယုံမိတော့
ဘ၀မှာ အခါခါသေခဲ့ဘူးတယ် ချစ်သူ။

လိုတာမရ ရတာမလို
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုဦးစားပေး
ရွေးခဲ့တဲ့ဘ၀အရေးမှာ
အတ္တတွေလဲ တဖြည်းဖြည်းနဲ့
ခပ်ဝေးဝေးမှာ
ငေးကျန်ရစ်ခဲ့ပေါ့။

ဆန္ဒနဲ့ဘဝ
အတ္တနဲ့ ပရ
အတူတကွ ပေါင်းစည်းခွင့်ရမယ်ဆိုရင်...

ဘ၀ပျိုးခင်းကို
ချစ်ခြင်းဖြင့် ဖန်ဆင်းခွင့်ပေးပါ ချစ်သူ။

အနာဂတ်မြေကွက်လပ်ကို
ရင်ဘတ်နဲ့ ထွန်ယက်ခွင့်ပြုပါ ချစ်သူ။

နှလုံးသွေးနဲ့ဖြစ်တည် စီးဆင်းခဲ့ရာ
သမုဒ္ဒယမြစ်နှစ်စင်းကို
ဝေဒနာဝဲဂယက်မှ
ဆန်တက်ဆုံဆည်းခွင့်ပြုပါ ချစ်သူ။

ဝိရောဓိပြတင်းကို ထွင်းဖောက်
အလင်းတပေါက်အဖြစ်
မျှဝေခံစားခွင့်ပေးပါ ချစ်သူ။

အနတ္တသဘောကို စောကြော
ခံနိုင်ရည်နဲ့ရှင်သန်
ပုက္ကလဓိဌာန်မှာ
တသက်တာအမြင်မှန်ခွင့်ပေးပါ ချစ်သူ။

အချစ်ကိုယုံပြီး
ယုံကြည်ချက်ကို ချစ်တယ်။

အချစ်ကို ယုံမိတော့
နှလုံးသားတွေ အကြိမ်ကြိမ်ကြွေ
ဘ၀မှာ အခါခါသေဘူးခဲ့ပြီလေ။ ။

ရဲသွေး
၁၅ ဇူလိုင် ၂၀၀၈



0 comments: