Monday, June 15, 2009

အဖွဲ့အကြောင်းတစေ့တစောင်း

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် မိမိနိုင်ငံသားပြည်သူများအကျိုးကို အတတ်နိုင်ဆုံးသယ်ပိုး ဆောင်ရွက်နိုင်ဖို့နဲ့ တိုင်းတပါးမှာအကြောင်းအမျိုးမျိုးကြောင့် ရပ်တည်နေထိုင်ကြရစဉ် ပြည်သူများ ကြုံတွေ့နေကြရတဲ့ အခက်အခဲအကျပ်အတည်းများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူများအတွက် ကောင်းမြတ်တဲ့စေတနာနဲ့ အခမဲ့တာဝန်ယူထမ်းဆောင် နေတာမို့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လို့ အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာ အားဖြင့် People Volunteers' Association လို့ ခေါ်ဆိုပြီး အတိုကောက်အားဖြင့်တော့ PVA လို့ အမည်တွင်ပါတယ်။

ပည်သူ့စေတနာ့ဝန်ထမ်းအသင်းဟာ အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သူများရင်ဆိုင်ကြုံတွေ့နေကြတဲ့ အခက်အခဲပြသနာတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက် ပေးနေပါတယ်။ အခုလို ပြည်သူ့အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ အသင်းဝင်များအနေဖြင့် တရားမျှတမှု၊ ဥပဒေနှင့်ညီညွတ်မှု၊ ကိုယ်ချင်းစာညှာတာစိတ်ဆိုတဲ့ အချက်သုံးချက်ကို အထူးသတိပြု လေးစား လိုက်နာ ဆောင်ရွက်ကြပါတယ်။

၎င်းအပြင် သူတပါးနိုင်ငံမှာ ရုန်းကန်အလုပ်လုပ်နေကြရတဲ့ မိမိနိုင်ငံသားပြည်သူများအတွက် အမှန်တကယ် လိုအပ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း အတတ်နိုင်ဆုံးသယ်ပိုးဆောင်ရွက်ပေးနေပါတယ်။ ပညာရေး အနေဖြင့် အသင်းစည်းရုံးရေးနယ်မြေဒေသများတွင် ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းများကို ဖွင့်လှစ် ပေးနိုင်ခဲ့တဲ့အပြင် ကျန်းမာရေးအနေဖြင့်လည်း လုပ်ငန်းခွင်အရောက်ဆေးကုသမှုစတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဘာသာရေးအရ ဓမ္မအလင်းစာစောင်ကို လစဉ်ထုတ်ဝေဖြန့်ချိပြီး မိမိပြည်သူများအပေါ်တွင် တရားဓမ္မဖြင့် အလင်းပြနိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေတဲ့အပြင် ဘာသာရေး ဆိုင်ရာရက်ထူးရက်မြတ် အခါသမယများတွင် စုပေါင်းရဟန်းခံရှင်ပြုပွဲများကိုလည်း အခါအားလျော်စွာ ဦးဆောင် ကျင်းပပေးနေပါတယ်။

နိဂုံးချုပ်အားဖြင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် လူမျိုး၊ဘာသာ၊ကျားမ မခွဲခြားဘဲ ပြည်သူ့အကျိုးပြု လုပ်ငန်းများအား စွမ်းစွမ်းတမံဆောင်ရွက်လျှက်ရှိကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။

0 comments: