Thursday, September 3, 2009

အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

ရဲရင့်သက်ဇွဲ
မေမေ …
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဲ့ဝန်ထုတ်ဝန်ပိုးကြီးပါ။
အမေပြောနေကျစကား
မိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ 
အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်း
တိတ်ဆိတ်စွာ သားကောင်အနံ့ကိုရတဲ့
မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ 
နှုတ်ဆက်ခွဲခွာ
အနာဂတ်သစ်တွေရှိမယ့်နေရာ
ထွက်ခွာသွားပေါ့ ။

နှစ်ဆယ့်တနှစ် တဲ့
အလွမ်းသင့်ကျိန်စာမြစ်ထဲမှာ
အကြိမ်ကြိမ်နစ်လို့
အိမ်ပြန်ချင်တဲ့ စိတ်မှာ
ကျနော်တမ်းတ
မေမေ့ အမည်နာမတခုသာ
ကြယ်ကြွေတွေကြားမှာ
သားတွေရဲ့ ကံကြမ္မာ
မေမေ့ရဲ့ ဝဋ်ကျွေးတွေများလား
ငမိုက်သားများကို ခွင့်လွှတ်ပါ။

မေမေ …
အိပ်မပျော်တဲ့ ညများမှာ
ကောင်းကင်ကိုမောကြည့်
ကြယ်တွေကို ရေတွက်ရင်း
လရဲ့မျက်နှာပြင်မှာ
သားတွေရဲ့ ပုံရိပ်ကိုရှာ
ဆွေးမြေ့စွာကြေကွဲ
အိပ်မက်တွေက သတိတရနဲ့
မေမေ့အပေါ် လဲပြိုပိကျ
ကျနော့်အပေါ် လဲပြုပိကျ ။

မေမေရေ …
ပြန်လည်ကြားယောင်မိပေါ့
(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)
သူရဲကောင်းတို့ရဲ့ အမွေ
တဘ၀မှာ တခါသာ သေ
သားရေ …
တဘ၀မှာ တခါသာသေသတဲ့
အားကြီးတဲ့ ရန်သူရှေ့မှာ
နှမ်းတစေ့လောက်တောင်
အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့
မေမေ့ကို ဖမ်းဆီးနှိပ်စက်
အဲဒီအတွက်လည်း စိတ်မပူနဲ့
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။

နှစ်ဆယ့်တနှစ်လုံးလုံး
ဗေဒါပန်းထုံး နှလုံးမူပြီး
စောင့်ခဲ့ရတာပါ
အခုမှတော့
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး
သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး ။

ရဲရင့်သက်ဇွဲ

0 comments: