Saturday, August 22, 2009
မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာ လူထုစည်းရုံးရေး ဟောပြောပွဲ
Wednesday, August 19, 2009
မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာ လူထုစည်းရုံးရေးဟောပြောပွဲ
ပြည်ချစ်မူလတန်းကျောင်း မိဘဆရာအသင်း အစည်းအဝေးမှတ်တမ်း
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းတာဝန်ရှိသူများနှင့် ထိုင်းကျေးရွာအာဏာပိုင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးစဉ်
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လူထုစည်းရုံးရေးဟောပြောပွဲ ကျင်းပပြုလုပ်
PVA/16 Aug 2009
အဆိုပါ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး အသင်းတာဝန်ရှိသူများမှ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် လှုပ်ရှားဆောင်ရွက်နေမှုများအား မိတ်ဆက်တင်ပြခဲ့သည်။ ကျေးရွာ အာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်းနေထိုင်ကြသော ပြည်သူများအား စည်းကမ်းသေဝပ်စွာနေထိုင်ရေး၊ အကျင့်စာရိတ္တမြင့်မားလာစေရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးများကို အသီးသီးဆွေးနွေး ဟောပြော ခဲ့ကြသည်။
အခမ်းအနားတက်ရောက်သူတဦးဖြစ်သော ဟုံဖိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံခမ်းကြိုင်လမှ “ ရပ်ရွာအတွင်းမှာ နေထိုင်ကြတဲ့ လူတွေအားလုံး အခုလို စုစုစည်းစည်းနဲ့ အခမ်းအနားတက်ရောက် လာတာတွေ့ရလို့ ဝမ်းသာပါတယ်။ ရွာထဲမှာနေကြတဲ့ မြန်မာပြည်သားအရေးကိစ္စများနဲ့ ပတ်သက်ပြီး ကျနော့်ဆီ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါတယ် ” PVA သို့ ပြောသည်။
Saturday, August 15, 2009
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းမှ စည်းရုံးရေး စကားဝိုင်းများ ပြုလုပ်
PVA/14 Aug 2009
တပ်ခရိုင်၊ မယ်ရမတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဟွေးပုံ၊ မယ့်ကျလောင်း၊ ပါလိုက် ကျေးရွာများတွင် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း တာဝန်ရှိသူများမှ နယ်မြေခံလူထုများနှင့် တွေ့ဆုံပြီး အသင်း၏ဆောင်ရွက်မှု များအား မိတ်ဆက်တင်ပြခြင်းနှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဆက်လက်တိုးချဲ့ ဖွဲ့စည်းနိုင်ရေးများကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စည်းရုံးရေး စကားဝိုင်းများသို့ နယ်မြေခံလူထု (၇၀) ကျော် တက်ရောက်ခဲ့ကြပြီး ဒေသခံများမှ ရပ်ရွာဖွံ့ဖြိုးရေးအတွက် အသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ဗဟိုဦးဆောင်ကော်မတီဝင် (၂) ကိုစစ်ကိုနိုင်မှ “ မြန်မာပြည်ထဲမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခခံပြီး ဝင်ရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ကျနော်တို့ မြန်မာပြည်သားတွေအတွက် စုစည်းညီညွတ်ရေးက အင်မတန် အရေးကြီးပါတယ်။ စည်းလုံးမှုရှိရင် ဘာမဆိုလုပ်လို့ရနိုင်ပါတယ်။ အသင်းအနေနဲ့ ပြည်သူ့အရေးကိစ္စများကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက် ဖြေရှင်းပေးနေတဲ့အပေါ်မှာ ပြည်သူများကိုယ်တိုင် အရင်ထက်ပိုပြီး အင်စိုက်အားစိုက် ပါဝင်လာနိုင်ဖို့အတွက် အခုလို နယ်မြေစည်းရုံးရေးစကားဝိုင်းများကို ပြုလုပ်ရတာဖြစ်ပါတယ် ” ဟု PVA သို့ပြောသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအား ၂၀၀၄ ခုနှစ်တွင် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသော ဆန္ဒရှိသူများအားစုစည်းကာ မြန်မာ့စေတနာ့ဝန်ထမ်းအုပ်စု အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်တွင် အသင်းဝင်နှင့် အဖွဲ့ဝင်အင်အား (၃၀၀) ကျော်၊ ဒေသဦးဆောင်ကော်မတီ (၅) ခုဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းနှင့် ထိုင်းကျေးရွာအာဏာပိုင်များ လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံညှိနှိုင်း
PVA/14 Aug 2009
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မဲဆောက်မြို့၊ ဟုံဖိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း ဗဟိုဦးဆောင်ကော်မတီဝင်များ၊ ဒေသဦးဆောင်ကော်မတီဝင်များနှင့် ဟုံဖိုင်ကျေးရွာသူကြီး လုံခမ်းကြိုင်လ ဦးဆောင်သော ထိုင်းကျေးရွာအာဏာပိုင်များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် နယ်မြေအတွင်းနေထိုင်ကြသော မြန်မာပြည်သားအရေးကိစ္စများနှင့် ပတ်သတ်ပြီး ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးခဲ့ကြပြီး ထိုင်းကျေးရွာအာဏာပိုင်များဘက်မှလည်း ရပ်ရွာအတွင်း မြန်မာပြည်သားများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းများနှင့်ပတ်သက်၍ လိုအပ်သော အစီအစဉ်များကို ညှိနှိုင်းခဲ့ကြပါသည်။
ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းအနေဖြင့် ပြည်ပရောက် မြန်မာပြည်သားများ လွတ်လပ်လုံခြုံစွာ ရပ်တည် နေထိုင် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် များနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျှက်သည့်အပြင် အလားတူ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် မဲဆောက်၊ ဖုတ်ဖ၊ မယ်ရမတ်မြို့နယ်များရှိ ကျေးရွာများတွင်လည်း ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
Tuesday, August 11, 2009
ထုတ်ပြန်ကြေငြာချက်များ
“ ဒီမိုကရေစီ ရရှိရေး ………. ဒို့အရေး ………. ဒို့အရေး”
ရှစ်လေးလုံးလူထုအရေးတော်ပုံ ပေါ်ပေါက်နေစဉ်ကာလအတွင်း တနိုင်ငံလုံးကို ဦးဆောင်ကွပ်ကဲနိုင်သော လူထုသပိတ်ဋ္ဌာနချုပ် မတည်ဆောက်နိုင်ခဲ့ခြင်း၊ စစ်တပ်အား ပြည်သူ့ဘက်ရပ်တည်ရေးအတွက် စည်းရုံး ဆွဲဆောင်နိုင်မှုမရှိခဲ့ခြင်း၊ အာဏာရအုပ်စုအား ချဉ်းကပ်၊ စည်းရုံး၊ ဖြောင်းဖျနိုင်မှု မရှိခဲ့ခြင်းတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အဆုံးသတ်အောင်ပွဲ မရယူနိုင်ခဲ့သည့် အဓိကအကြောင်းရင်းများ ဖြစ်ပေသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ပစ်ခတ်၊ သတ်ဖြတ်၊ နှိမ်နှင်း၊ ဖြိုခွဲခံရပြီးနောက်တွင် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မှု အသွင်သဏ္ဍာန်အမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ် ဖြစ်တည်လာခဲ့ကြသော်လည်း စုစည်းညီညွတ်မှု အလွန် အားပျော့နေခြင်း၊ လူထုတရပ်လုံးလိုက်ပါနိုင်သည့် သေနင်္ဂဗျူဟာချမှတ်ဖော်ဆောင်မှု မရှိခြင်းတို့သည် အောင်ပွဲနှင့်ဝေးစေသော အဓိကအားနည်းချက်များ ဖြစ်ပေသည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံ အောင်ပွဲမရယူနိုင်ခဲ့သောကြောင့် တစထက်တစ အခြေအနေဆိုးနေသော နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်သိသောအားဖြင့်လည်းကောင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတို့ အပေါ် သစ္စာတည်ကြည်သော အားဖြင့်လည်းကောင်း ရှစ်လေးလုံးတိုက်ပွဲဝင်စိတ်ဓာတ်ကို အခိုင်အမာ ကိုင်စွဲလျှက် အင်အားစုအသီးသီးပါဝင်သော အောင်ပွဲသို့ဦးတည်သည့် သေနင်္ဂဗျူဟာတရပ်ကို ချမှတ် ဖော်ဆောင်ကာ တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဒီမိုကရေစီအရေးတော်ပုံ မုချ အောင်ရမည်။
ဗဟိုဦးဆောင်ကော်မတီ
ကဗျာ
နွေဦးမှာ ဖူးခွင့်မရတဲ့သစ်ပင်
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
အအေးခန်းထဲက
သွေးနွေးသတ္တဝါတွေသာ
ဆူပွက်နေကြ…။
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
နဖူးကချွေး ခြေမ ကျရင်တောင်
ပန်းတို့ပွင့်လောက်ပြီ။
ဒါ… ရှစ်ဆယ့်ရှစ်
နှစ်ဆယ့်တနှစ်ပြည့်ခဲ့ပြီ။
ဆုံချက်မရှိတော့
သူခိုးထင်ခဲ့တဲ့ သားမက်က
အမှန်တကယ် ဇရက်ဖြစ်နေလေရဲ့။
ရဲသွေး
၂၀၀၉ သြဂုတ် ၈ ရက်
Friday, August 7, 2009
ကဗျာ
ကြယ်တာရာစစ်ပွဲ
ညရဲ့သစ်ပင်မှာ
တိတိပပ ပွင့်ဖူးခဲ့ပါရက်နဲ့
မမြင်နိုင်တဲ့ဆွဲအား
ကြယ်တွေကြွေစေသတဲ့လား။
ဟောဒီ စကြာဝဌာအခင်းအကျင်းမှာ
ရှင်းရှင်းလင်းလင်းနဲ့
အချင်းချင်းမထိခိုက်ကြကြေး
အသွေးအရောင်အမျိုးမျိုး
ကိုယ့်ဝင်ရိုးနဲ့ကိုယ်
လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိတယ်လေ။
တွန်းတိုက်ပွန်းရှ
အစအနတွေအားလုံးက
ဂြိုလ်ပြာကြီးအတွက်
တောအထပ်ထပ်
တောင်အသွယ်သွယ်
ပင်လယ်အစင်းစင်း
ကန္တာရတွေ တကွင်းပြီးတကွင်း
ရင်တွင်းမှာ သွေးချင်းချင်းနီစေတယ်။
နေတွေလတွေ ကြတ်ပြီးရင်
ကမ္ဘာမကြတ်ပါဘူးလို့
ဘယ်သူပြောနိုင်မလဲ။
စိတ်ကူးတွေတောင်ပံတပ်လို့
ဘာသာရပ်တွေရွက်လွှင့်ကြ
ဒီအရပ်မှာ လေတိုက်အားပြင်းတယ်။
ရဲသွေး
ကဗျာ
ညရဲ့ပင်လယ်
စီးပွားဖြစ်တော့ မဟုတ်ခဲ့ဘူး
အိပ်စက်ခြင်းကို အခိုးခံနေရမယ့်အတူတူ
ညကို ကဗျာထဲ ဖိတ်ခေါ်လိုက်မိရဲ့။
ကျနော်ဟာ ညထဲမှာစီးမျော
ညဟာ ကဗျာထဲမှာစီးမျော
တသွေးတသားတည်းရှိရာအရပ်မှာ
ပင်လယ်ဟာ အရုဏ်ဦးဖြစ်ရင်
အနားသတ်ကမ်းစပ်က နေ့သစ်တရက်ပေါ့။
ကဲ... မိုးမလင်းခင် ကူးခတ်ဦးစို့လား။ ။
ရဲသွေး
ကဗျာ
ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း ဆိုတာ
အမှောင်ကိုခွင်း အလင်းကိုဆောင်
ယောင်တောင်တောင် အတတ
မြန်မာပြည်သားတွေရဲ့ ဘဝတွေကို
ရသတွေ ဖြည့်စွက်
အနာဂတ် လှပဖို့အတွက်
ရှေ့ဆောင် လမ်းညွှန်
ကြယ်ဓူဝံ လို့
တမ်းတခေါ်ဖို့
ဖြစ်တည်လာတယ်။
စေတနာ့ ဝန်ထမ်း
လက်ဆင့် ကမ်းပြီး
ဝေးလံခေါင်ဖျား ရွာတွေသွားလို့
စက်ရုံတွေ ဆင်း
ဟောပြောခြင်းနှင့်…။
ဓမ္မအလင်း ၊ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း
စာပေဖြန့်ဝေ လုပ်ဆောင်ချက်တွေ
လူမှုရေးစုံ ၊ ကျန်းမာရေး အကုန်
တမျိုးနဲ့တမျိုး
မရိုးရအောင်
ကြိုးစားဖြေရှင်း ကုသရင်းနှင့်…။
မြန်ပြည်သားများ အားကိုးစရာ
PVA အသင်းကြီး
အဓွန့် ရှည်ပါစေ။
ကျော်ကျော် (အကောင်းဆုံး မြေသြဇာ)
PVA - 0017